မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စားတော်ပဲဧက ၇၀၀ ကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒသမ ၅၃ တင်းခန့်ထွက်ရှိကြောင်း သိရှိရသည်။ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စားတော်ပဲဧက ၃၄၈၀ စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါစားတော်ပဲစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ဧက ၇၁၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆ ဒဿမ ၅၃ တင်းခန့် ထွက်ရှိကြောင်း သိရှိရသည်။
"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားတော်ပဲဧက ၃၄၈၀ စိုက်ပျိုးနိုင်ခဲ့ပါသည်။ စားတော်ပဲ စိုက်ခင်းများကို ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ဧက ၇၁၀ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါသည်။ စားတော်ပဲ ရိတ်သိမ်းခြင်းနှင့်ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုတွေ မဖြစ်အောင် စနစ်တကျ ရိတ်သိမ်းရန်နှင့် လိုအပ်သည့် ရိတ်သိမ်းခြွေလှေ့နည်းစနစ်များကိုလည်း ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရိတ်သိမ်းပြီးသီးနှံများကိုလည်း အရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက်တွင် သေချာသိမ်းဆည်းနိုင်ရန် လိုအပ်သည့် ကူညီမှုများအား ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါသည်။
ပွင့်ဖြူမြို့နယ်၌ စားတော်ပဲစိုက်တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံအထွက်နှုန်းတိုးတက်စေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး၊ မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများ စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။
စားတော်ပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း သိရှိရသည်။
Source: https://myawady.net.mm